ကျွန်ုပ်တို့အကြောင်း

အနာဂါတ်ရည်မှန်းချက်

မြန်မာနိုင်ငံ၏ စွန့်ဦးတီထွင်မှုကို
အားပေးသောတည်ဆောက်မှုဖြစ်စဉ်တွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်သော ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်ရေး။

ထမ်းရွက်မည့် တာဝန်

စီးပွားရေးစွန့်ဦးတီထွင်သူများ လိုအပ်သော ဘဏ္ဍာငွေကြေးကို
ရေရှည်တည်တံ့သော နည်းလမ်းများဖြင့် ထောက်ပံ့ပေးအပ်ခြင်းနှင့်
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမှုမှတဆင့် လူနေမှုဘဝအဆင့်မြှင့်တင်နိုင်ရေး။

စထာပါနာအကြောင်း

စထာပါနာလီမိတက်၊ မြန်မာသည် အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုဖြစ်ပြီး MARUHAN Investment Asia Pte. Ltd. မှ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ (၁၅) သန်းဖြင့် အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း လည်ပတ်ရန် ယာယီလိုင်စင်ကို ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် ရရှိခဲ့ပါသည်။ စထာပါနာသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို စတင်လည်ပတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် အမြဲတမ်းလိုင်စင် ရရှိခဲ့ပါသည်။ စထာပါနာ၏ မတည်ရင်းနှီးငွေ တိုးစေရန်နှင့် ဘဏ္ဍာရေးကတိကဝတ် ပိုမိုခိုင်မြဲစေရန် အလို့ငှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ (၅) သန်းကို၎င်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် နောက်ထပ် အမေရိကန်ဒေါ်လာ (၅) သန်းကို၎င်း ထည့်ဝင်ခဲ့ပါသည်။ စထာပါနာလီမိတက်သည် ယခုလက်ရှိတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၅) သန်းဖြင့် လုပ်ငန်း လည်ပတ်လျက် ရှိပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ထင်ရှားသည့် အသေးစားငွေကြေးအဖွဲ့အစည်းဖြစ်သော SATHAPANA Institution (SATHAPANA Limited, Cambodia) သည် ကမ္ဘောဒီးယားနိုင်ငံမှ Maruhan Bank Japan Plc. နှင့်ပူးပေါင်း၍ SATHAPANA Bank Plc. ကို ကမ္ဘောဒီးယားနိုင်ငံတွင် တည်ထောင်ခဲ့ပါသည်။ စထာပါနာဆိုသောစကားသည် ခမာ ဘာသာစကားမှ ဆင်းသက်လာပြီး၊ မူရင်းအနက်အားဖြင့် တည်ဆောက်ရန် (သို့) ဆောက်လုပ်ရန်ဟု အဓိပ္ပါယ်ရပါသည်။

စထာပါနာအမှတ်တံဆိပ်သည် ကျွန်ုပ်တို့၏ ရှယ်ယာရှင်များနေထိုင်သော ဂျပန်နိုင်ငံ၏ အထင်ကရ သင်္ကေတ ဖြစ်သော ဖူဂျီတောင်ကို ကိုယ်စားပြုပါသည်။ ကြံ့ခိုင်ခြင်းနှင့် သဟဇာတဖြစ်ခြင်း၏ အရင်းအမြစ်အဖြစ်လည်း သတ်မှတ်ပါသည်။ အမှတ်တံဆိပ်၏ ဆဌဂံအနားဝန်းသည် တန်ဖိုးရှိသောလူ၊ အရာဝတ္ထုပစ္စည်းကို အကောင်းဆုံး သိုမှီးခြင်း သဘောတရားဆောင်သော ပျားအုံ၏ ပျားသလက်တည်ဆောက်ပုံကို ကိုယ်စားပြုပါသည်။ ဆဌဂံပုံပျားသလက်များ တစ်ခုနှင့်တစ်ခုကပ်လျက် ခိုင်မာစွာတည်ဆောက်ထားပုံကို ပမာယူ၍ စထာပါနာသည် လည်း အသင်းဝင်များအား ဝန်ဆောင်မှုပေးရာတွင် ကုမ္ပဏီ၏ ကွန်ရက်တစ်လျှောက် စွမ်းရည်ဖြန့်ကျက်လျက် ၎င်း၏ကြံ့ခိုင်မှုကို အားဖြည့်ထားပါသည်။ အမှတ်တံဆိပ်ကို သုံးဘက်မြင်ရှုထောင့်မှ ကြည့်လျှင် မီးခံသေတ္တာ (သို့) အလုံတိုက်ခန်းကို ကိုယ်စားပြုပါသည်။ ထို့အပြင် ၅ မျိုးသော အပြာရောင်သည် ကောင်းကင်ပြာ၏ ရောင်ပြန်ဟပ်ခြင်းကို ကိုယ်စားပြု၍ ခေတ်မီခြင်း ၊ တိုးတက်ခြင်း၏ သင်္ကေတအဖြစ်လည်း သတ်မှတ်ပါသည်။

စထာပါနာလီမိတက်သည် လုပ်ငန်းစတင်လည်ပတ်သည့်အချိန်မှစ၍ လူတိုင်းလက်လှမ်းမီသော ဘဏ္ဍာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ရည်ရွယ်၍ လူအများအား၊ အထူးသဖြင့် ကျေးလက်ဒေသတွင် နေထိုင်သော ဆင်းရဲနွမ်းပါးသူများ၊ ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီသူများအား ချေးငွေဝန်ဆောင်မှုများ ပိုမိုရရှိရန် ထောက်ပံ့ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုလျက်ရှိပါသည်။ စထာပါနာလီမိတက်၏ ထမ်းရွက်မည့်တာဝန် (Mission) သည် “စီးပွားရေးစွန့်ဦးတီထွင်သူများ လိုအပ်သော ဘဏ္ဍာငွေကြေးကို ရေရှည်တည်တံ့သော နည်းလမ်းများဖြင့် ထောက်ပံ့ပေးအပ်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမှုမှတဆင့် လူနေမှုဘဝအဆင့်မြှင့်တင်နိုင်ရေး” ဖြစ်ပါသည်။ လုပ်ငန်းအသစ် စတင်ရန်နှင့် လုပ်ငန်းတိုးချဲ့ချင်သော်လည်း ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီသူများအတွက် လူတိုင်း လက်လှမ်းမီသော ဘဏ္ဍာရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးလျက်ရှိပါသည်။ ထိုနည်းအားဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုကိုလည်း အားပေးမြှင့်တင် လျက်ရှိပါသည်။

စထာပါနာလီမိတက်သည် အချိန်နှင့်အမျှ အံ့အားသင့်ဖွယ် တိုးတက်အောင်မြင်မှုများ ရရှိလာခဲ့ပြီး၊ ယခုအချိန်၌ မြန်မာနိုင်ငံတွင် ဦးဆောင်နေသော အသေးစားဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါသည်။ ချေးငွေ အသင်းသားအရေအတွက်အားဖြင့်တိုင်းတာလျှင် မြန်မာနိုင်ငံ၏ ပထမအကြီးဆုံးဖြစ်ပြီး၊ ချေးငွေလက်ကျန် ပမာဏအားဖြင့် တိုင်းတာလျှင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း အဖြစ် ရပ်တည်လျက်ရှိပါသည်။

အဓိကတန်ဖိုးများ

အဖွဲ့အစည်းတစ်ခု၏ အဓိကတန်ဖိုးများမှာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရာတွင် ကျင့်သုံးသော အတွေးအခေါ် မူဝါဒတစ်ခုဖြစ်ပြီး၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင်နှင့် လုပ်ငန်းခွင်ပြင်ပရှိ ဖောက်သည်များ၊ စီးပွားရေးမိတ်ဖက်များ၊ မိမိ၏ လုပ်ငန်းကဏ္ဍတွင် ပတ်သက်သော သူများအားလုံးနှင့် ဆက်ဆံပြောဆိုရာတွင် လမ်းညွန်သဖွယ် အသုံးပြုနိုင်ပါသည်။ စထာပါနာ၏ အဓိကတန်ဖိုးများကို ကျွနု်ပ်တို့၏ ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြင့် အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်အပ်ပါသည်။

ကိုယ်ကျင့်တရား

ကောင်းမွန်သောနိုင်ငံသားများဖြစ်လာစေရန်အတွက်၊ စထာပါနာဝန်ထမ်းအားလုံးသည် တည်ဆဲဥပဒေများကို လိုက်နာပြီး၊ ပြစ်မှုကျူးလွန်ခြင်း၊ အကျင့်ပျက်ခြစားမှုနှင့် အခြားတရားမဝင်လုပ်ဆောင်ချက်များကို ရှောင်ရှားနိုင်ရန် မျှော်လင့်ပါသည်။ လူ့အဖွဲ့အစည်း၏ ပိုမိုအသိအမှတ်ပြုလေးစားခြင်းကို ခံယူနိုင်ရန်အတွက် လူထုနှင့် ဆက်ဆံရာတွင်၊ မည်သို့သော အခြေအနေ မျိုးတွင်မဆို ဝန်ထမ်းများသည် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံရမည်။

ချစ်ခင်မြတ်နိုးခြင်း

စထာပါနာဝန်ထမ်း များအားလုံးသည် လူထုအားဆက်ဆံရာတွင် မေတ္တာတရား၊ နှစ်ထောင်းအားရရှိမှု၊ ရိုသေလေးစားမှုတို့ဖြင့် ဆက်ဆံပြောဆိုရမည်။ ခွဲခြားဆက်ဆံခြင်း (သို့) မညီမျှစွာပြုမူ ဆောင်ရွက်ခြင်းမရှိစေရ။ ဝန်ထမ်းများသည် ရိုးသားခြင်း၊ ခွင့်လွတ်ခြင်း၊ ဝန်ထမ်းအချင်းချင်း အားပေး ကူညီခြင်းနှင့် တစ်ဦး၏ အလုပ်ကို တစ်ဦးမှ အပြုသဘောဝေဖန်အကြံပေး ခြင်းအားဖြင့် လုပ်ငန်းတွင် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်ပါသည်။

ပူးပေါင်းဆောင်ရွက်ခြင်း

ဘုံရည်မှန်းချက်များကို အောင်မြင်စွာရရှိနိုင်ရန်အတွက် လုပ်ဖော်ကိုင်ဖက်များအနေဖြင့် အချင်းချင်း အနီးကပ်ပူးပေါင်း ဆောင်ရွက်ရန်နှင့် စထာပါနာဝန်ထမ်းများသည် စားသုံးသူများ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ထောက်ပံ့ပေးသူများ၊ အခြားလုပ်ငန်းနှင့်ပတ်သက်သူအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရမည်။ ဝန်ထမ်းများသည် ကောင်းမွန်သောအကြံဉာဏ်များနှင့် အချို့သော ဆုံးဖြတ်ချက်များကို ပါဝင်ဆောင်ရွက်နိုင်ရန် အားပေးပါသည်။

ဝန်ဆောင်မှု

ဝန်ဆောင်မှုဆိုသည်မှာ မထိတွေ့၊ မကိုင်တွယ်နိုင်သောအရာဖြစ်ပြီး စားသုံးသူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပါဝင်သူများအားလုံး၏ လိုအပ်ချက်ကို တုံ့ပြန်ရန်ဖြစ်သည်။ စထာပါနာမှ ပါဝင်သူများအားလုံး အထူးသဖြင့် မိမိ၏ အသင်းဝင်များအား ပညာရပ်နှင့်ယှဉ်သော ဝန်ဆောင်မှုများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် တတ်နိုင်သမျှ ပေးအပ်ရန်ဖြစ်သည်။ ဖောက်သည်များဆိုင်ရာ ဝန်ဆောင်မှုကျွမ်းကျင် သင်တန်းများကိုလည်း စထာပါနာမှ ဝန်ထမ်းအားလုံးသို့ ပို့ချပေးပါမည်။

စွန့်ဦးတီထွင်ခြင်း

မိမိ၏အသင်းဝင်များ၊ ဝန်ထမ်းများ၏ စွန့်ဦးတီထွင်ခြင်းဆိုင်ရာ စိတ်ဓာတ်များကို အချိန်နှင့်အမျှ ပြင်ဆင်မွမ်းမံ ပေးရန်ဖြစ်ပါသည်။ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု၊ မိမိ၏ အလုပ်တွင်၊ ကိုယ်စိတ်နှစ်ပါး နှစ်မြှုပ်လုပ်ကိုင်မှု၊ ရည်မှန်းချက်ကြီးမြင့်မှုနှင့် ဝင်ငွေပိုမိုတိုးတက် မြင့်မားလိုမှုများသည် စွန့်ဦးတီထွင်ခြင်းနှင့်ဆိုင်သော စိတ်ဓာတ်များဖြစ်ပါသည်။ လုပ်ငန်းနှင့်သက်ဆိုင်သောသူများအားလုံး စဉ်ဆက်မပြတ် တိုးတက်အောင်မြင်နိုင်ရေးအတွက် စထာပါနာသည် ခေတ်ရေစီးကြောင်း နှင့်အညီ အကောင်းမွန်ဆုံး လုပ်ငန်းလုပ်ကိုင် လည်ပတ်နိုင်ရန် ကတိကဝတ်ပြုပါသည်။

အစုရှယ်ယာရှင်များ

MARUHAN INVESTMENT ASIA PTE. LTD.

MARUHAN Investment Asia Pte. Ltd သည် ကုမ္ပဏီမှတ်ပုံတင်အမှတ် 201202241 N ဖြင့် (၂၀၁၂) ခုနှစ်၊ ဇန်နဝါရီလ၊ (၃၁)ရက်နေ့တွင် စင်ကာပူသမ္မတနိုင်ငံတွင် ဖွဲ့စည်းထားသော တစ်ဦးတည်းပိုင်ကုမ္ပဏီ ဖြစ်ပါသည်။ ကုမ္ပဏီနှင့်တိုက်ရိုက်ဆက်သွယ်ထားသော မူလကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် ဖွဲ့စည်းထားသော မာရုဟန်ကော်ပိုရေးရှင်း ဖြစ်ပါသည်။ ကုမ္ပဏီသည် 6 Temasek Boulevard, #29-00 Suntec Tower 4, Singapore 038986 တွင်တည်ရှိပါသည်။ ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေမှာ (၂၀၂၀) ခုနှစ်၊ ဒီဇင်ဘာလ၊ (၃၁) ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃၀၉.၁၈ သန်းဖြစ်ပါသည်။ ကုမ္ပဏီ၏ အဓိကလှုပ်ရှားမှုမှာ အရှေ့တောင်အာရှနိုင်ငံများတွင် ပုဂ္ဂလိကစီးပွားရေးဘဏ်လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါသည်။ ထိုဒေသများတွင်ရှိသော ကုမ္ပဏီရုံးခွဲများနှင့် မာရုဟန်အုပ်စု ကုမ္ပဏီများကိုလည်း စီမံခန့်ခွဲမှုနှင့်ဆိုင်သော ဝန်ဆောင်မှုများပေးပါသည်။ (၂၀၂၀) ခုနှစ်၊ ဒီဇင်ဘာလ၊ (၃၁) ရက်အရ ကုမ္ပဏီသည် အောက်ပါတိုက်ရိုက် ကုမ္ပဏီခွဲများရှိပါသည်။

(၁) စထာပါနာလီမိတက်မြန်မာ
• ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရှိ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၂၅) သန်း (၉၉.၉၉%)

(၂) စထာပါနာဘဏ်ပီအယ်လ်စီ
• ကမ္ဘောဒီးယားဘုရင့်နိုင်ငံရှိ ပုဂ္ဂလိကဘဏ်လုပ်ငန်း
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း (၁၉၃) (၁၀၀%)
• စထာပါနာဘဏ်ပီအယ်လ်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံးရှိပါသည်။

(၃) မာရုဟန်ဂျပန်ဘဏ် လာအိုကုမ္ပဏီလီမိတက်
• လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ပုဂ္ဂလိကဘဏ်လုပ်ငန်း
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၁၁၇)သန်း (၉၀%)

(၄) မာရုဟန်မြန်မာကုမ္ပဏီလီမိတက်
• ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ အကြံပေးဝန်ဆောင်မှုကုမ္ပဏီ
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၃.၅)သန်း (၉၉.၉၉%)

(၅) မာရုဟန်ကမ္ဘောဒီးယားကော်ပိုရေးရှင်း
• ကမ္ဘောဒီးယားဘုရင့်နိုင်ငံရှိ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၅၂.၈) သန်း (၁၀၀%)

(၆) မာရုဟန်ရင်းနှီးမြုပ်နှံမှု (ကမ္ဘောဒီးယား) ကုမ္ပဏီလီမိတက်
• ကမ္ဘောဒီးယားဘုရင့်နိုင်ငံရှိ မြေယာရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
• ထည့်ဝင်ပြီး မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၂) သောင်း (၄၉%)

ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

– ဒေါက်တာဟန်ချောင်ဝူး

– ဟန်ကန်

– ဟန်ယု

– ဟန်ခို့

– မိုဟာမက်ဇင်း

လုပ်ငန်းဖွဲ့စည်းပုံ

မာရုဟန်အုပ်စု